ကာဗွန်ကင်းစင်သည့် လျှပ်စစ်ဓာတ်အားကို ၁၀၀ ရာခိုင်နှုန်း အသုံးပြုမည့်စက်ရုံများနှင့် Data Centers များတွင် ရင်းနှီးမြှုပ်နှံသူများအား ရင်းနှီးမြှုပ်နှံမည့်ပမာဏ၏ထက်ဝက်အထိကို ဂျပန်အစိုးရမှ ပံ့ပိုးပေးခြင်းဖြင့် နျူကလီးယားစွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၂-၁၂-၂၀၂၅ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan eyes subsidies for factories using 100% renewables or nuclear power” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်း၌ ဂျပန်အစိုးရအနေဖြင့် ၂၀၂၆ ဘဏ္ဍာနှစ်မှစတင်၍ ၅ နှစ်တာအတွင်း ယန်း ၂၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၃၃ ဘီလီယံ) ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ဂျပန်အစိုးရ အနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ လုပ်ငန်းသုံးစက်ရုပ်နှင့် ဆေးဝါးများကဲ့သို့သော အလွန်အရေး ပါသည့် ကုန်စည်များထုတ်လုပ်မည့်လုပ်ငန်းများကို ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ အစိုးရ၏ ပံ့ပိုးမှုများ ရယူလိုသည့် လုပ်ငန်းများအနေဖြင့် Perovskite ဆိုလာပြားကဲ့သို့သော အဆင့်မြင့် အရင်းအမြစ်များမှ အပါအဝင် နျူကလီးယားစွမ်းအင် (သို့မဟုတ်) ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ရရှိ သည့်လျှပ်စစ်ဓာတ်အားကို ၁၀၀ ရာခိုင်နှုန်းသုံးစွဲရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဥပမာအားဖြင့် လေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားဝယ်ယူ သုံးစွဲရန်အတွက် နှစ် ၂၀ စာချုပ်ချုပ်ဆိုထားသည့်ကုမ္ပဏီမှာ အစိုးရ၏ပံ့ပိုးမှုများ ရရှိရန် အကျုံးဝင်မည်ဖြစ်ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ကို သစ်တောများမှ စုပ်ယူစေခြင်းဖြင့် ကာဗွန်ကင်းစင်သည့်နည်းပညာများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပေါင်းစပ်သုံးစွဲကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့်လုပ်ငန်းများလည်း အကျုံးဝင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၁၀၀ ရာခိုင်နှုန်းအသုံးပြုမည့်လုပ်ငန်းများအနေဖြင့် လျှပ်စစ်ဓာတ်အား အရင်းအမြစ်တည်ရှိရာ နေရာဒေသများတွင် စက်ရုံအသစ်တည်ဆောက်ပါက အဆိုပါ ရင်းနှီးမြှုပ်နှံမှုပမာဏ၏ ထက်ဝက်အထိကို အစိုးရမှ ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားအရင်းအမြစ် တည်ရှိရာဒေသ မဟုတ်သည့် အခြားသောဒေသများတွင် စက်ရုံတည်ဆောက်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၅ ပုံ ၁ ပုံနီးပါး ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အစိုးရမှ လျှပ်စစ်စွမ်းအား အရင်းအမြစ်တည်ရှိရာဒေသများတွင် အဓိကထား ပံ့ပိုးပေးရခြင်းမှာ အဆိုပါဒေသတွင် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိစေလို၍ဖြစ်ကြောင်းနှင့် ကာဗွန်ကင်းစင်သော လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်းနှင့် ပြန်လည်စတင်ခြင်းတို့ကို တိုက်တွန်းအားပေးလို၍ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ခြင်းဖြင့် စီးပွားရေးလုံခြုံမှုရှိစေရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်နိုင်ရေးအတွက်လည်း အစိုးရမှ ပံ့ပိုးမှုများ ပေးအပ်နိုင်ရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Source: သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့
နျူကလီးယားစွမ်းအင် (သို့မဟုတ်) ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၁၀၀ ရာခိုင်နှုန်း အသုံးပြုမည့် စက်ရုံများကို ဂျပန်အစိုးရမှ ပံ့ပိုးမှုများ ပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်
Category:
International News